International News

ဂျပန်နိုင်ငံ၏ အကြီးဆုံးရေထွက်ကုန်နှင့်နည်းပညာပြပွဲသို့ မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပါဝင်ပြသ

Last Updated:

Dai Nippon Fisheries Association က ကြီးမှူးကျင်းပခဲ့သည့် ၂၅ ကြိမ်မြောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ရေထွက်ကုန်နှင့်နည်းပညာပြပွဲ(25th Japan International Seafood & Technology Expo) သည် ဂျပန်နိုင်ငံတွင် အကြီးဆုံးရေထွက်ကုန်ပြပွဲဖြစ်ပြီး အဆိုပါပြပွဲကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပါဝင်ပြသခဲ့ပါသည်။ အဆိုပါ ၂၅ ကြိမ်မြောက် ဂျပန်အပြည်ပြည်ဆိုင်ရာရေထွက်ကုန်နှင့်နည်းပညာပြပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပြခန်းအား  မြန်မာသံရုံး၊ တိုကျိုမြို့၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ပြသခဲ့ပါသည်။

အဆိုပါပြပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်ဩဂုတ်လ ၂၃ ရက်နေ့နံနက်ပိုင်းတွင် Tokyo International Exhibition Center ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်မှ အခမ်းအနားအား ပါဝင်တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. NISHIMURA Yasutoshi ၊ စိုက်ပျိုးရေး သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. NONAKA Atsushi ၊ ဂျပန်နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Masaaki Edamoto ၊ ဖိတ်ကြားထားသည့် သံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ ရေထွက်ကုန်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ပြပွဲတွင် ပါဝင်ပြသကြသည့် ပြည်တွင်း၊ ပြည်ပမှ ရေထွက်ကုန်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါပြပွဲတွင် မြန်မာနိုင်ငံမှ ရေထွက်ကုန်များအား ဂျပန်နိုင်ငံနှင့် နိုင်ငံတကာသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ့ရေထွက်ကုန်များ ဈေးကွက်ပိုမိုထိုးဖောက်နိုင်ရေး၊ ဈေးကွက်ချိတ်ဆက်မှုများ ရရှိစေရေး၊ လုပ်ငန်းရှင်များအား နိုင်ငံတကာပြပွဲအတွေ့ အကြုံများရရှိစေရေးနှင့် အခြားလုပ်ငန်းရှင်များ၏နည်းပညာနှင့်ကုန်ထုတ်လုပ်မှုဆိုင်ရာအခြေအနေများအား လေ့လာအတုယူ ၍ မြန်မာ့ရေထွက်ကုန်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပါဝင်ပြသခဲ့ခြင်းဖြစ်ပါသည်။ ပြပွဲတွင် မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းနှင့် ရေထွက်ကုန်လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှ ပုစွန်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ခရု၊ ဂဏန်း၊ ဂုံးစသည့် ရေထွက်ကုန်များအား ပါဝင်ပြသခဲ့ကြပါသည်။

ပြပွဲကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီစုစုပေါင်း ၆၀၀ ကျော်က ပြခန်းပေါင်း ၁၂၇၀ ခန်းဖွင့်လှစ်ပြသခဲ့ကာ ဧည့်သည် ၂၅၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါ သည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News